Bodhi Bank

ဗောဓိရိပ်ငြိမ်ဆရာတော်ဘုရား


ဗောဓိရိပ်ငြိမ်တောရ ရိပ်သာဆရာတော် ဘဒ္ဒန္တဣန္ဒာစရိယ (ဗုဒေါ္ဓ) ငယ်နာမည်မှာ မောင်ဗောဓိဖြစ်ပါတယ်။ ဆရာတော်လောင်းလျာ မောင်ဗောဓိကို မြန်မာသင်္ကရာ ၁၃၂၅ ခုနှစ်၊ နတ်တော်လပြည့်ကျော် (၈) ရက်၊ ခရစ်နှစ် ၁၉၆၃ ခုနှစ် ဒီဇင်ဘာ (၈) ရက် တနင်္ဂနွေနေ့မှာ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ အင်င်္ဂရမ်း ကျေးရွာအုပ်စု၊ မအူကုန်း ကျေးရွာမှာ ခမည်းတော် ဦးဟန်သိန်း၊ မယ်တော် ဒေါ်သန်းတို့မှ မီးရှူးသန့်စင် ဖွားမြင်တော်မူခဲ့ပါတယ်။ မွေးချင်း ၈ ယောက်အနက် တတိယမြောက် သားရတနာ ဖြစ်ပါတယ်။

မောင်ဗောဓိ စကားတတ်စအရွယ်သို့ရောက်ချိန်တွင် အဖိုးဖြစ်သူ ဦးဖိုးစိန်မြက ဘုရားရှိခိုးနှင့် တရားစာများကို နှုတ်တိုက်သင်ကြားပေးခဲ့ပါတယ်။ မောင်ဗောဓိရဲ့ ရှိပြီးသား ပါရမီဓါတ်ခံနဲ့အတူ သူတော်ကောင်းများဖြစ်ကြတဲ့ အဖိုးအဖွား၊ မိဘနှစ်ပါးတို့ရဲ့ ဘာသာရေးအသိ လက်ဆင့်ကမ်းသင်ကြားမှုအောက်မှာ မောင်ဗောဓိဟာ ယဉ်ကျေးသိမ်မွေ့သူ၊ နှုတ်ချိုသာသောအပြုံးနဲ့ နှစ်လိုဖွယ်ရှိသူ၊ စိတ်အနေရင့်ကျက်သူ ဖြစ်လာခဲ့ပါတယ်။ မောင်ဗောဓိသည် စာသင်ကြားနိုင်တဲ့ အရွယ်ရောက်တဲ့အခါ မအူကုန်းရွာ ဘုန်းတော်ကြီးသင် (ဘ.က) ကျောင်းဆရာဦးလှဝင်းထံတွင် ၄ တန်းအထိ ပညာသင်ကြားပြီး၊ မအူကုန်းကျောင်းဆရာတော် ဦးသူရိယထံမှာ မြန်မာစာ သင်ပုန်းကြီးမှစ၍ နမက္ကရ၊ ရတနာရွှေချိုင့်၊ လောကနီတိ ဘုရားရှိခိုး ပရိတ်ကြီး စတဲ့ ဗုဒ္ဓစာပေများကို သင်ကြားခဲ့ရပါတယ်။ ဒါ့အပြင် မဟာစည်ဆရာတော်ကြီးရဲ့ ကမဌာန်းရှု့နည်း စာအုပ်များ မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားစာအုပ်များစွန်းဂူဆရာတော်၏ အတ္တုပ္ပတ္တိစတဲ့ ဘာသာရေးစာအုပ်များကို အထူးစိတ်ဝင်စားနှစ်ချိုက်စွာ ဖတ်ရှုပြီး စာထဲမှညွှန်းဆိုသလို တရားထိုင်ခြင်းတို့ကို ကိုယ့်စိတ်ကူးနဲ့ကိုယ် ပြုလုပ်ရင်း ခက်ခဲနက်နဲ့လှတဲ့ ဝိပသာနာအလုပ်တို့ကို လုပ်ဆောင်နေရတဲ့အတွက် မောင်ဗောဓိမှာ စိတ်မှာကြည်နူးချမ်းမြေ့လျှက်ရှိပါတယ်။

ဒါကြောင့်လဲ မောင်ဗောဓိဟာ ကလေးဘဝတလျှောက်လုံး ဘုရား၊ တရားစာများနှင့် ထိတွေ့မှုများပြီး ရတနာသုံးပါးကို သက်ဝင်ယုံကြည်မှုအား ပိုကောင်းလာခဲ့ပါတယ်။ အသက် ၁၂ နှစ်သားအရွယ်မှစ၍ ဆရာတော်လောင်းလျာ မောင်ဗောဓိသည် အိမ်တွင်နေ့စဉ် စာဖတ်ခြင်း စာရေးလေ့ကျင့်ခြင်း တရားထိုင်ခြင်း တရားနာခြင်း စာပေဆွေးနွေးခြင်းတို့ကို ၇ နှစ် တိုင်တိုင် လေ့ကျင့်ခဲ့ပါတယ်။

 မြန်မာသင်္ကရာဇ် (၁၃၃၇) ခုနှစ်၊ ဦးတန်ခူးလဆန်း (၁၂) ရက်၊ ခရစ်နှစ် ဧပြီလ (၂၂) ရက်နေ့ မှာ မိဘများနှင့် အဘိုးအဘွားတို့ အလှူပေးသောကြောင့် လိပ်ချောင်းရွာ၊ ရွာဦးဆရာတော် ဦးရေဝတ ထံမှာသင်္ကန်းဝတ်ခဲ့ပါတယ်။ (၉) ရက်သာသင်္ကန်းဝတ်ပြီး လူဝတ်လဲခဲ့ရစဉ် သင်္ကန်းဆက်ဝတ်ချင်နေတဲ့ မောင်ဗောဓိ မျက်ရည်ပင်ကျမိပါတယ်။ သင်္ကန်းဝတ်နှင့်နေလိုသော်လည်း မိဘများမှ အားကိုးလိုကြ၍ မိဘများကို အလုပ်အကျွေးပြုရင်း တောထဲတောင်ထဲယာထဲတွင် အလုပ်နားနေစဉ် သစ်ပင်ရိပ်အောက်မှာ တရားထိုင် တရားအားထုတ်နေခဲ့ပါတယ်။ 

ရဟန်းဝတ်ဖို့ အသက်မပြည့်သေးရင် မိဘကို လုပ်ကျွေးမည်။ သင်္ကန်းမဝတ်ရလျှင် အပေါ်အဖြူ ၊ အောက်အဖြူ ဖြင့် ဖိုးသူတော်ဝတ်မည်ဟု မောင်ဗောဓိ တစ်ယောက် နှလုံးစိတ်မှာ ကြိတ်ဆုံးဖြတ်ခဲ့ပါတယ်။ သင်္ကရာဇ် (၁၃၄၅) ခုနှစ်၊ ဦးတန်ခူးလပြည့်ကျော် (၅)ရက် နေ့မှာတော့ မောင်ဗောဓိကို ပါရမီ ဖြည့်ဖက် အဖြစ် လိုက်လံပို့ဆောင်ပေးမဲ့ ညီဝမ်းကွဲ မောင်မြင့်သောင်း နဲ့အတူ အိမ်မှထွက်ပြီး သင်္ကန်းဝတ်ဖို့စီစဉ်ခဲ့ပါတယ်။

အဖေနဲ့အမေ စိတ်မပူဖို့အတွက် စာတစ်ဆောင်ရေးရန် ဗလာစကူ ကို ရေနံဆီမီးခွက် နဲ့မှိုင်းခံလိုက်ပြီး တစ်ခါတည်းနှစ်ရွက်ဖြစ်အောင် ရေးရပါတယ်။ မိဘများမသိအောင် ရေးရတာမို့ ခပ်မြန်မြန် ခပ်သွက်သွက် ရေးကာတစ်ရွက်ကို အိမ်မှာထားခဲ့ပြီး တစ်ရွက်ကို သူ့အတွက် အမှတ်တရမှတ်တမ်းအဖြစ်သိမ်းထားဖို့ ယူသွားခဲ့ပါတယ်။ မောင်ဗောဓိဟာ ကဗျာလင်္ကာများနဲ့ ရင်းနှီးကျွမ်းဝင်သူမဟုတ်သော်လည်း သူ့ရင်တွင်းမှ ရိုက်ခတ်လာတဲ့ဘဝခံစား ချက်၊ ဓမ္မခံစားချက်များနဲ့အတူ စိတ်အားထက်သန်လှတဲ့ နှလုံးသားခံစားချက် များနဲ့ ရေးလိုက်တဲ့အခါ ကဗျာဆန်သောစာတစ်ဆောင်က တွေးစရာမလိုဘဲ မိနစ်ပိုင်းအတွင်း မှာပင် ပြီးစီးသွားပါတယ်။ 

မောင်ဗောဓိရေးသားခဲ့တဲ့ မိဘများကို နှုတ်ဆက်စာလေးကတော့ "အဖေနဲ့အမေ ကျွန်တော် ရက်ရှည်သီလဆောက်တည်ရန်၊ ဘာဝနာ ပွားရန်အတွက်သွားသည်။ အားလုံးသာဓုခေါ်ရစ်ကြပါတော့။"

လူဘဝရသည်ဆိုတဲ့ အချိန်တည်းက 

သေချာစွာ အနှစ်ရှာကြည့်တော့ 

သစ္စာကဘယ်မမြင်

လယ်ကွင်းပြင်ထီးထီး

သီချင်းညည်းညည်းနဲ့ 

လောင်မီးဒုက္ခဟုတ်လှတကယ်ထင်

အပါယ်တွင်လည်း အစဉ်အမြဲ

အထင်လွဲကာ အနှစ်သာရ ရှာမှမရှာကြ

တဏှာတ တငါငါ

မာနက စိတ်မှာဖြာ

အဝိဇ္ဇာက ပိတ်နေတာ

အသိပါ လမ်းဆုံးရှာတော့၏

ကိလေသာ ဖုံးလွှမ်း

မျက်ကဏ်းပမာ

ရောက်လေရာ သူပျော်မြူး 

သူအရူးတို့နှင်တူနေတာ။

"မြင့်မိုရ်တောင်ဦး မကကျူးသည့် ကျေးဇူးကြီးမား မိဘတို့အား တရားအနှစ် ရှာကြံကျင့်လျက် အနှစ်သာရ ပြည့်စုံလှသော တရားဖြင့်သာ ပြန်လည်၍ကျေးဇူးကျွေး ဆပ်ပါမည်ဖြစ်ကြောင်း" ဆိုတဲ့နှုတ်ဆက်စာကို အဖေနဲ့အမေ အတွက်ရေးသားခဲ့ပါတယ်။ အဲဒီလိုနဲ့ မောင်ဗောဓိဟာ ဟင်္သာတမြို့နယ်၊ လယ်တီကျေးရွာအုပ်စု၊ အင်းမကျေးရွာ၊ အင်းမဆရာတော်၊ ဦးဓမ္မသာမိကို ဥပဇ္ဈယ်ပြုလျက် မြင့်မြတ်သော သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ပါတယ်။ မြင့်မြတ်သော အကျင့်ပှဋိပတ် ဖြင့် စိတ်ကိုအစိုးရသည့် အကျင့်ကိုကျင့်စွမ်းနိုင်စေသော်ဟု နှလုံးပြု၍ "ရှင်ဣန္ဒာစရိယ" ဟုဘွဲ့တော်ပေးချီးမြှင့်ခဲ့ပါတယ်။

ထိုအချိန်မှစပြီး မောင်ဗောဓိဟာသင်္ကန်းဝတ်ခဲ့ပြီး ဟသာၤတမြို့နယ်၊ လိပ်ချောင်းကျေးရွာ၊ ညောင်ဝိုင်းဆရာတော်ဘဒ္ဒန္တဉာဏိန္ဒာဘိဝံသမထေရ်မြတ်ထံမှာ ဥပဇ္ဈယ် ပြု၍ မြန်မာ သင်္ကရာဇ် ၁၃၄၅ ခုနှစ်၊ ကဆုန်လပြည့် ခရစ်နှစ် ၁၉၈၃ ခုနှစ် ၊ မေလ (၂၆) ရက်၊ ကြာသာပတေးနေ့မှာတော့ ရဟန်းဒကာများဖြစ်တဲ့ မိဘနှစ်ပါးတို့ ၏ပစ္စည်းလေးပါး ထောက်ပံ့မှုဖြင့်ရဟန်းဖြစ်ခဲ့ရပါတယ်။ ရှင်ဗောဓိသည် တစ်ရွာလုံးရဲ့ တရားဓမ္မ၏ ပြယုတ် ဖြစ်တဲ့အတွက် လှူဒါန်းလိုသူ ရွာသူရွာသားများပေါများလှသဖြင့် ဘာသာရေးအသိရှိသော ခမည်းတော်မှ အားလုံးစုပေါင်း ကုသိုလ်ရနိုင်ရန် တစ်အိမ်တစ်မတ်သာ လှူဒါန်းခွင့်ပေးခဲ့ကာ စည်ကားခမ်းနားစွာ၊ အလွန်တရာကြည်နူးဖွယ်ကောင်းစွာဖြင့် ရေသိမ်၌ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါတယ်။

အရှင်ဗောဓိသည် တရားအားထုတ်ရင်း သုဿန်များတွင် သုဿန်ဓုတင်ဆောက်တည်ကာ ကမ္မဌာန်းနှ်င့်ပတ်သတ်သည့်စာများ၊ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာဂုဏ်တော် များကို ရွတ်ပွားကာ မေတ္တာကို အထူးပို့ခဲ့ပါတယ်။ သုဿန်ဓုတင်တည်ဆောက်ရင်း အာနပါနကမ္မဌာန်းမှရရှိတဲ့ သမာဓိကလည်း ပိုမိုအားကောင်းလာခဲ့ပါတယ်။ ထိုအခါမှာ အရှင်ဗောဓိသည် ကမ္မဌာန်းကို ပွားများရာတွင် ဆရာလိုသည်။ ဆရာမရှိဘဲနှင့်ဆက်လက်အားထုတ်သော် လမ်းမှားလိုက်မိနိုင်သည်။ ဆရာရှာမှဖြစ်မည်။ ဆရာရှာသည့်အခါတွင် အစစ်အမှန် ဆရာတွေ့နိုင်ရန်မှာ မိမိမှာ ပရိယတ္တိစာပေ ကိုတတ်ဖို့လိုသည်။ သင်ယူဖို့လိုအပ်သည်ဟူသော အတွေးကိုတွေးမိခဲ့ပါတယ်။

ဒါကြောင့်လည်း ၁၃၄၇ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ပရိယတ္တိစာပေများ သင်ကြားရန် ရည်ရွယ်ချက်ဖြင့်ဟင်္သာတမြို့၊ ရတနာဗိမာန်စာသင်တိုက်သို့ ရောက်ရှိလာခဲ့ပါတယ်။ ပရိယတ္တိစာပေများကို စတင်သင်ကြားရတဲ့အရှင်ဗောဓိရဲ့ အသက်အရွယ်ဟာ ၂၃ နှစ်ရှိြ်ပီဖြစ်ပြီး

သူရဲ့စာသင်ဖက်များဟာ အသက် ၁၂ နှစ်၊ ၁၃နှစ်အရွယ် ကိုရင်ငယ်လေးများ ဖြစ်ကြပါတယ်။ ဒီအချိန်မှာလည်း ခံစားချက် ကဗျာတစ်ပုဒ် ရေးထုတ်ခဲ့ပါတယ်။ 

အဲဒီကဗျာလေးကတော့-

"အမေ့နိဗ္ဗာန်တံခါးပွင့်စေသား" တဲ့ကိုးလလွယ်ဆယ်လဖွား၊ အမေ့သားတဲ့နော် မြို့ကိုတက် တောင်ဝှေးတစ်ဖက်နဲ့ စာကျက်လို့အော် အသက်ကျော် အခါနှောင်းခဲ့လို့ ဘဝဟောင်းက ဝိပါက်နာချက်ကပေါ် နာချက်ပေါ်သူအမေ့သား မနေမနားကျက်လို့ပျော် ပညာတော်အသင့်တတ် အကျင့်မြတ်ကိုတဲ့မျှော် အကျင့်တက်လျှင် အမေ့ကျေးဇူးရှေးဦးဆပ်လို့ဖော် ကျေးဇူးဆပ်လျှင် သံသရာခြားမှဘဂဝါတရားနှင့် အမေ့နိဗ္ဗာန်တံခါးပွင့်စေသော်... ဟုရေးစပ်ပြီး အမေ့ကိုချစ်ခင် ယုံကြည်အားကိုး စိတ်ဖြင့်ကိုယ့်ကိုကိုယ် အမေ့သားဟု အားတင်းကာ စာပေများကို ပိုမိုဝိရိယစိုက်ထုတ် ကြိုးစားအားထုတ်ကျက်မှတ်ခဲ့ပါတယ်။ 

စာသင်သားဘဝအခက်အခဲများကို ရတနာဗိမာန် စာသင်တိုက်ရဲ့ ပဓာနနာယက ဆရာတော်ဦးလာဘသာမိရဲ့ "လာရင်းရယ်ရွယ်ချက် မပျက်စေနဲ့" ဆိုတဲ့ သြဝါဒကို အမြဲနှလုံးသွင်း ကြားယောင်ရင်း လုံ့လစိုက်ထုတ် မှတ်ခဲ့ရာ အရှင်ဗောဓိဟာ ခက်ခဲနက်နဲလှတဲ့ ပိဋကတ် သမုဒ္ဒရာကို ကြိုးစားကူးခတ်နိုင်ခဲ့ပါတယ်။

ဆရာတော်ဟာ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊  ရတနာဗိမာန် စာသင်တိုက်၊ ရန်ကုန့်မြို့ရန်ကင်း့မြို့နယ် ကံဘဲ့ ပဉ္စနိကာယသာသနဗိမာန်စာသင်တိုက် တို့မှာပညာသင်ကြားခဲ့ရာ အစိုးရမူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်း၊ ကျောင်းတိုက်ဓမ္မာစရိယနှင့်အစိုးရ ဓမ္မာစရိယ ကျမ်းစွဲ အောင်မြင်ပြီး ဆရာတော်ကြီး၏ သြဝါဒဖြင့် သုံးနှစ်တိုင် စာချတာဝန်များကို ထမ်းဆောင်ခဲ့ပါတယ်။ 

ပရိယတ္ထိစာပေများကို သင်ကြားပြီးနောက် ၁၃၇၅ ခုနှစ်၊နယုန်လပြည့်ကျော်(၁၀) ရက်နေ့မှစပြီး မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသတင်းသုံးတော်မူခဲ့ရာ (ယခုနေပြည်တော်) ပျဉ်းမနားမြို့နယ်၊ လက်လုပ်တောင်တောရကျောင်းမှာ ပဋိပတ္ထိလုပ်ငန်းများကိုစတင်ခဲ့ပါတယ်။

ပဋိပတ္ထိလုပ်ငန်းများ ကို ဆောင်ရွက်ရာမှာ-

ဟသာၤတမြို့နယ်၊ လိပ်ချောင်းကျေးရွာ၊ ညောင်ဝိုင်းကျောင်း၊ အင်းမကျေးရွာ၊ ကျွန်းဦးကျောင်း၊ မအူကုန်းကျေးရွာ၊ မအူကုန်းကျောင်းနှင့် မဟာနေဘုရင်ဘုရားအနီး တောတောင်များ။

အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့အနီး၊ ထူးဝရိပ်သာ။

ရန်ကုန်မြို့၊ မဟာစည်သာသနာ့ရိပ်သာကြီး နှင့် ရွှေမင်းဝံ သာသနာ့ရိပ်သာများ၊ ဂွတ္တလစ်၊  ဇနိတာရာမ မိုးကုတ်ရိပ်သာ။

မော်လမြိုင်မြို့၊ ဖားအောက်တောရ ဗုဒ္ဒသာသနာ့ရိပ်သာ (ပင်မ)။

ပျဉ်းမနားမြို့နယ်၊ လက်လုပ်တောင်တောရ။

သန်လျင်မြို့နယ်၊ သဒ္ဒမ္မောဒယ ဂိုဏ်းထောက်ကျောင်း၊ ရဟန္တာသိမ်တော်ကြီး။

မှော်ဘီမြို့နယ်၊ ဖူးကြီး-ရေသိုးကျေးရွာ၊ သီဟိုဠ်တောရ ဝါးကျောင်း။

ဝါးနက်ချောင်းကြီးကျေးရွာ၊ ဗောဓိရိပ်ငြိမ်တောရရိပ်သာတို့မှာ တရားအားထုတ်ကျင့်ကြံခဲ့ပါတယ်။

အခုအခါ ဆရာတော်အရှင်ဗောဓိသည် သူငယ်စဉ်ကပင်လိုလားတောင်းတခဲ့သောပဋိပတ်သက်သက်ဖြင့် ကျင့်ကြံ အားထုတ်ဆောင်ရွက်လျက်ရှိတဲ့အပြင် ဆရာတော်ရဲ့ မွေးရပ်ဇာတိဖြစ်တဲ့ ဟင်္သာတမြို့နယ် မအူကုန်းရွာတွင် ဗောဓိမာရ်အောင် ရုပ်ပွားတော်၊ ဗောဓိအောင်မြင်ရုပ်ပွားတော်၊ ဆင်းရဲငြိမ်းစေတီတော်။ ဉာဏ်တော် (၁၈)ပေရှိ မဟာနေဘုရင်စကျင်ရုပ်ပွားတော်။

၁၃၆၄- ခုနှစ်မှစလျက် မှော်ဘီမြို့ ဗောဓိရိပ်ငြိမ်တောရ တည်ထောင်၍သာသနာပြုခြင်းနှ်င့်

ဉာဏ်တော်(၁၈) ပေရှိမဟာစန်းလဘုရင် စကျင်ရုပ်ပွားတော်။

ဉာဏ်တော် (၆၄) ပေရှိ အပရာဇိတေလာဘဗောဓိစေတီတော်။

ဉာဏ်တော် (၂၂) ပေရှိအဘိသေကဓမ္မရာဇာ ရုပ်ပွားတော်။

ဉာဏ်တော်  (၁၈) ပေရှိ အနန္တဇိနမတ်ရပ်ရုပ်ပွားတော်။

အောင်ပန်းမြို့တွင် ဉာဏ်တော် (၁၈) ပေရှိ မဟာရွှေဘုရင် စကျင်ရုပ်ပွားတော်။

တည်ရန်စီစဉ်လျက်ရှိတဲ့ မဟာမြဘုရင် ရုပ်ပွားတော်။

နေပြည်တော် လက်လုပ်တောင်တောရတွင် ဉာဏ်တော် (၁၂)  ပေရှိ ခေါင်နန်းဘုရင် စကျင်ရုပ်ပွားတော်။

သန်လျင်မြို့ သဒ္ဒမ္မောဒယ ဂိုဏ်းထောက်ကျောင်းတွင် ဉာဏ်တော် (၉) ပေရှိဝိမုတ္တိသုခ  စကျင်ရုပ်ပွားတော်တို့ တည်ထားပူဇော်ခြင်းတို့ကို ဦးဆောင်လျက် သာသနာပြု ဆောင်ရွက်ခဲ့ပါတယ်။

ဆရာတော်ဘုရားသည် ၁၃၅၈ခုနှစ်မှစ၍ ဘာသန္တရဗဟုသုတ ယူခြင်းများ့ဖြင့် အိန္ဒိယ၊ နီပေါ၊ ထိုင်း၊ စင်္ကာပူ၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာ၊ အမေရိကန် နှင့် ဂျပန်နိုင်ငံများသို့ သာသနာပြု ခရီးကြွရောက်ခဲ့ပါတယ်။

၁၃၅၇ခုနှစ် မှစ၍မြန်မာနိုင်ငံ အတွင်းမြို့ရွာအသီးသီးသို့လည်း ကမ္မ္ခဌာန်းတရားများပြသပေးခြင်း၊ ဓမ္မဗုဒ္ဒနည်းကျ ဓမ္မဒေသနာတော် များ ဟောကြားပြသပေးရာ နှစ်ပေါင်း (၃၀)ကြာအထိ ခရီးပေါက်ခဲ့ပြီ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ၂၀၁၈ ခုနှစ်၊ ဇန္နဝါရီလ (၄)ရက်၊ နှစ် (၇၀)မြောက် လွတ်လပ်ရေးနေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာ ၁/၂၀၁၈ အရ "မဟာကမ္မဌာနစရိယ" ဘွဲ့ ဆက်ကပ်လှူဒါန်းခြင်းခံခဲ့ရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊  မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်းကြီးစံပြကျေးရွာ ၊  ဗောဓိရိပ်ငြိမ်တောရရိပ်သာ ဆရာတော် ဘဒ္ဒန္တဣန္ဒာစရိယ (ဗုဒ္ဒေါရသ) သည်-

 ဗောဓိရိပ်ငြိမ်တောရရိပ်သာ (မှော်ဘီ)

လက်လုပ်တောင်တောရရိပ်သာ (နေပြည်တော်)

ဗောဓိဂုဏ်ရည်တောရရိပ်သာ (နေပြည်တော်-ပင်လောင်းလမ်း)

သဒ္ဒေမ္မော ဒယဂိုဏ်းထောက်ကျောင်း၊ ရဟန္တာ သိမ်တော်ကြီး (သန်လျင်မြို့)

မဟာနေဘုရင် တောစခန်း (ဇာတိမြေ၊ ဟသာၤတ) တို့တွင် ပဓာနနာယက တာဝန်ယူကာ ကမ္မဌာန်းတရားတော် တို့ိကို ဟောကြာပြသပေးခြင်း၊ ပြည်တွင်းပြည်ပများ၌ တရား ဟောကြားပေးခြင်းတို့အပြင် "ဗုဒ္ဒေါရသ" ကလောင်အမည်ဖြင့်-

အမေကပ်တဲ့ဆွမ်းတစ်နပ်၊

တစ်ယောက်ထဲ တရားနဲ့နေ၊

သာသနာပြု မဟာခရီးသည်၊

သစ္စာသိမြင် နိဗ္ဗာန်ဝင်

အစရှိသော ဗုဒ္ဒစာပေစာအုပ်ပေါင်း (၅၆) အုပ် ရေးသားခြင်း၊ စေတီရုပ်ပွားတော် ဘုရားများအသစ်တည်ခြင်း၊ အဟောင်းပြုပြင်ခြင်း၊ ရိပ်သာကြီး (၅) ခုတွင် သာသနိက အဆောက်အဦးများ ဆောက်လုပ်ခြင်း၊ တံတားဆောက်-လမ်းဖောက်ခြင်း၊ စုပေါင်းရဟန်းခံပေးခြင်း၊ စုပေါင်းရှင်ပြုပေးခြင်း စသော သာသနဟိတပရဟိတများစွာ ဆောင်ရွက် လျက်မှော်ဘီ  ဗောဓိရိပ်ငြိမ်တောရတွင် သီတင်းသုံးနေထိုင်လျက်ရှိပါကြောင်း  ဗောဓိရိပ်ငြိမ်တောရရိပ်သာဆရာတော် ရဲ့ ဘဝဖြစ်စဉ်နဲ့ သာသနာခရီးအကျဉ်းကို စာရေးဆရာ "သားအေးည" ၏အာနပါနခရီးသည်နှင့် ဦးခေမာစာရ ရေးသားသော ဆရာတော်၏ ထေရုပ္ပတ္တိ အကျဉ်းတို့ကို မှီငြမ်းပြီး မီမီမောင်ထွေး (မြဝတီရုပ်/သံငြိမ်း) မှရေးဖွဲ့ပူဇော်ထားပါတယ်။