နေပြည်တော်၊ လက်လုပ်တောင်တောရ ရွှေနန်းသွင်းစေတီတော်မြတ်ကြီး
(သမိုင်းအကျဉ်း)
ရှေ့လွန်လေပြီးသောကာလက မဏိပူရပြည်ကြီး ရှင်ဘုရင်ကြီး၏ တောင်နန်းစံမိဖုရားကြီးမှ သားတော်သုံးပါး ထွန်းကားခဲ့ပါ၏။ ညီတော်နောင်တော်နှစ်ပါးက ထီးနန်းငြီးငွေ့၍ တောထွက်ခဲ့ကြရာ ယက်ပေါက်တောင်တန်းအစ လက်လုပ်တောင်ဒေသသို့ရောက်ခဲ့ကြ၏။ အကိုက ‘လွမ်းတောင်’ တွင်နေ၏။ ညီကလက်လုပ်တောင်တွင်နေ၏။ ညီအငယ်ဆုံး အဘိဓမ္မာရာဇာကမင်းပြုလေသည်။
လက်လုပ်တောင်ဟူသည် ယင်းတောင်၏ မြောက်ဖက်တစ်မိုင်ခွဲခန့်ကမြေများကို လူတရစ်နတ်တရစ် သယ်ဆောင်၍ ညတွင်းပြီးအောင်ဖို့ယူခဲ့ကြ၏။ ညီတော်၊နောင်တော်တို့၏သိဒ္ဓိမဟိဒ္ဒိအစွမ်းများလည်းပါ၏။ လက်ခုပ်များဖြင့်သယ်ယူ၍ဖို့သောကြောင့် ‘လက်ခုပ်တောင်’ဟု အမည်တွင်ရာမှ ကာလရွေ့လျော၍ ‘လက်လုပ်တောင်’ ဟု အမည်တွင်ကျယ်လာခဲ့သည်။
ထိုမြေယူရာအရပ်တွင် လက်ခုပ်များဖြင့်သယ်ယူရာမှ ကျသောရေစက်များကျရာမှစုပြီး ထူးဆန်းစွာ ညတွင်းကြီး ရေကန်ဖြစ်သွားခဲ့ရ၏။ နောင်တွင်ထိုကန်အနီးတွင် ရွာတည်ရှိသဖြင့် ထိုရွာကို ‘ကန်လှရွာ’ဟု ယခုထက်တိုင်တည်ရှိနေပါသည်။
ထိုလက်လုပ်တောင်တွင် ညီအငယ်က နောင်ပွင့်လတ္တံ့သော အရိမေတ္တယျ ဘုရားပွင့်သောအခါ ကျောင်းဆောက်လိုသော ဆန္ဒဖြင့် ၊ ရွှေတိုက်၊ ငွေတိုက် ၊ ကျောက်သံပတ္တမြားတိုက် ၊ ပြဒါးတိုက်ကြီး လေးခုတည်၍ မြေမြုပ်ဖိထားခဲ့၏။ ထိုတိုက်တို့ကိုစောင့်ရှောက်ရန်ရွှေကို နဂါးရုပ်ထုလုပ်၍ မျက်စိကို ပြဒါးရှင်မျက်လုံးတပ်ဆင်ထားခဲ့ပြီး သိဒ္ဓ္ဒိမဟိဒ္ဒိအစွမ်းတတ်ဖြင့်စီမံ၍ အစောင့်အရှောက်ထားခဲ့လေ၏။
နောင်တွင်ညီအငယ်ဆုံး အဘိဓမ္မာရာဇာမင်းကြီး၏သမီးတော်ကြီး ကလျာဏမိတ္တနှင့် ညီအစ်မငါးဦး သားတော်ဇေယျပတ္တ(အောင်ဘိသိတ်ခံမင်းသား)တို့လည်း လက်လုပ်တောင်၏ တောင်ဘက်(ယခုငွေလျှံကုန်းရွာ)တောထဲတွင် ခေတ္တနေစဉ် ဇေယျပတ္တမင်းသားလည်း စစ်ကိုင်းတွင်ပညာသင်ထွက်ခဲ့၏။ တောထဲတွင် ခေတ္တနေသောမင်းသမီးငါးဦးတို့ကိုဥစ္စာစောင့်အမှတ်ဖြင့် လက်လုပ်တောင်မှ ရွှေနဂါးရုပ်၏ ပြဒါးရှင်မျက်လုံးကို သိုက်ဆရာငါးယောက်ကတောင်းတော့၏။
သိုက်ဆရာတို့တောင်းမရသဖြင့် ရိုက်နှက်ကြ၏။ သူတို့နေတဲ့တဲပေါ်ကငွေများကိုတွေ့၍ ကောက်ယူကြရာ ငွေများပျံထွက်၍ လက်လုပ်တောင်သို့ဦးတည်ကာ ကျကုန်၏။ ထိုအခါသိုက်ဆရာများက လက်လုပ်တောင်က ဥစ္စာစောင့်တွေဟုတထစ်ချမှတ်ယူကာ မင်းသမီးများကိုကြိုးတုတ်၍ လက်လုပ်တောင်သို့ခေါ်ဆောင်လာကြ၏။ ငွေများပျံထွက်သွားသည့်နေရာရွာတည်သောကြောင့် ‘ငွေပျံကုန်း’ဟု အမည်တွင်ခဲ့၏
ထိုငွေပျံကုန်းနေရာတွင် မင်းတုန်းမင်းကြီးငွေလှံစိုက်ထူခဲ့၍ ငွေလှံကုန်းဟုပြောင်းလဲခဲ့ပြန်၏။ နောင်လူများကငွေကိုလှန်ပစ်တဲ့ရွာမဟုတ်၊ ငွေတွေလျှံနေတဲ့ရွာဟုဆိုကာ ‘ငွေလျှံကုန်း’ဟု ယခုအချိန်ထိ ခေါ်ဝေါ်နေကြသည်။
သိုက်ဆရာတို့ကမင်းသမီးငါးဦးတို့အားနှိပ်စက်၍ ရွှေနဂါး၏ မျက်လုံးပြဒါးရှင်လုံးကို တောင်းကြပြန်ရာ အမကြီး ကလျာမိတ္တက လွမ်းတောင်ကဘကြီးယူပေးနိုင်ကောင်းရာ၏ဟုဆိုသဖြင့် သွားရောက်ခေါ်ခိုင်းကြ၏။ ကလျာဏမိတ္တသည် ဘကြီးတော်လည်းမတွေ့ရ၊ ညီမတော်တို့လည်းလွမ်း၍သေသောကြောင့် ထိုတောင်ကို ‘လွမ်းတောင်’ဟု အမည်တွင်ခဲ့၏။ ယခုအခါလွမ်းတောင်တွင် အမတော်နတ်နန်းရှိပါ၏။
ကျန်ခဲ့သောညီမတော်လေးဦးသည် သိုက်ဆရာတို့၏လက်ချက်ဖြင့်သေဆုံးခဲ့ကြ၏။ သိုက်ဆရာငါးဦးတို့လည်း ဘကြီးတော်တို့၏တန်ပြန်ရိုက်ချက်ဖြင့် သေကြကုန်၏။ ဘကြီးတော်ညီနောင်တို့ရောက်လာသောအခါ အကြောင်းစုံသိ၍ သိုက်ဆရာကို တောင်ပိုင်အဖြစ်တပည့်လေးယောက်ကို အရပ်လေးမျက်နှာအစောင့်အဖြစ်ထားလိုက်၏။ ညီမတော်မင်းသမီးလေးဦးတို့အားတောင်တွင်းတိုက်လေးတိုက်တို့ကို စောင့်ရှောက်စေခဲ့ကြ၏။
ယင်းနောက်အကိုဖြစ်သူ ဇေယျပတ္တမင်းသားပညာပြည့်ဝ၍ စစ်ကိုင်းမှပြန်ရောက်လေရာ နှမတော်၊အမတော်တို့ဖြစ်စဉ်အမှန်သိမြင်ရသဖြင့် သံဝေဂရကာ စစ်ကိုင်းတောင်သို့ပြန်၍ ရဟန်းပြုတော့မည်ဆို၏။ နှမတော်များက ဤလက်လုပ်တောင်တွင် သာသနာပြုဖို့ပြောကြ၏။
ထိုအခါ ဇေယျပတ္တမင်းသားသည် နောင်သာသနာတော်နှစ်ပေါင်း(၂၅၀၀)ကျော်သောအခါ အရှေ့မြောက်တောင်ပေါ်သို့လာရောက်ပင့်ကြလော့၊ ငါသည်စြင်္ကာယာဉ်စီး၍ ကြွလာမည်။ ငါသည်ရဟန်းအဖြစ်ဖြင့်ကြွလာပြီး နှမတော်တို့၏ဆွမ်းကို ရှေးဦးစွာဆွမ်းခံမည်။ ပြီးမှတောရွာတို့ကိုလှည့်လည်၍ဆွမ်းခံမည်။ ထိုအချိန်ရောက်လျှင်သာသနာတော်ကြီးပွင့်လင်းအောင် သာသနာပြုမည်ဟုဆိုကာ စစ်ကိုင်းတောင်သို့ကြွ၍ ရဟန်းပြုခဲ့၏။
ထို့နောက်မန္တလေးနေပြည်တော်သစ်တည်၊ မင်းတုန်းမင်းကြီးသည် လက်လုပ်တောင်တွင်(၉)တောင်ပြည့်ဘုရားတည်ထားပူဇော်ခဲ့သည်။ မင်းတုန်းမင်းကြီးကိုယ်တော်တိုင်ကြွရောက်ဖူးခဲ့သည်။ အင်္ဂလိပ်တို့လက်အောက်မှလွတ်မြောက်ရန် တော်လှန်ရေးဓါတ်ပန္နက်ဆောင်ရွက်ခဲ့သည်။
လက်လုပ်တောင်သည်အခြားတောင်နှင့် ရောနှောခြင်းမရှိဘဲသီးခြားတောင်ဖြစ်ခြင်းကမိမိတို့ နိုင်ငံသည် ဘယ်သူလက်အောက်ခံမဟုတ်သီးခြားလွတ်လပ်သော နိုင်ငံအဖြစ်ကိုယ်စားပြုထားလေသည်။ လက်လုပ်တောင်သည် အင်္ဂလိပ်သိမ်းရာတွင် နင်းကြမ်းနယ်ကျန်နေရာဖြစ်ခြင်းမသိမ်းဆည်းနိုင်ခြင်းက အံတုပြနေသည်။
လက်လုပ်တောင်သည် ဒို့ရတနာ၊ ဒို့သစ္စာဒို့သာသနာကို ဒို့မြန်မာမြေဖြင့်သာ တည်ဆောက်မည်ဟု ဖော်ကျူးထားပေ၏။
ထို့ကြောင့်မင်းတုန်းမင်းကြီးက နေမဝင်အင်ပါယာကိုထူထောင်နေသောအင်္ဂလိပ်ကိုယာယီမျှသာ ဟုလက်လုပ်တောင် ကိုယ်စားပြုသောအားဖြင့် တော်လှန်ရေးပန္နက်ဓါတ်ဆင်ခြင်းဖြစ်လေသည်။ နေမဝင်ခင်တွင် တုန်းမောင်းရိုက်၍ နေမဝင်အင်ပါယာ အင်္ဂလိပ်ကိုနှင်ထုတ်ခဲ့သည့်ဓလေ့များမှာ(၁၃၀၀)ပြည့်နှစ်တိုင်ရှိခဲ့သည်။
မဟာဗောဓိမြိုင်ဆရာတော်နှင့်လက်လုပ်တောင်ထူးခြားမှု
မဟာဗောဓိမြိုင်ဆရာတော်သည် လက်လုပ်တောင်တောရသို့ ၁၃၅၃ခုနှစ်၊ ကဆုန်လဆန်း(6)ရက်နေ့တွင် သာစည်ရွှေကျောင်းကုန်းမှကြွလာတော်မူ၏။ (ခန့်မှန်း၁၉၉၀ခုနှစ်ခန့်က)
ဆရာတော်သည် မကြွမီကပင် အသစ်ဆောက်လုပ်သည့်ကျောင်းကို ‘ဗောဓိမဏ္ဍိုင်ကျောင်း’ဟု အမည်ပေးခဲ့သည်။ နောက်ထပ်အသစ်ဆောက်လုပ်သည့်ကျောင်းများကိုလည်း မဏ္ဍိုင်ပါအောင်အမည် မှည့်ကြ၏။
ဆရာတော်သည် လက်လုပ်တောင်သို့ကြွတော်မူသည့်နှစ်ကပင် ဤနေရာ(လက်လုပ်တောင်ဝန်းကျင်)သည် တစ်နေ့ကျလျှင် မြို့လည်ခေါင်ဖြစ်မည်။သာသနာတော် နိုင်ငံတော်တို့၏ ဗဟိုချက်မကျမည်။ မဏ္ဍိုင်ဖြစ်မည်ဟု ဘုရား၏အောင်မြေဖြစ်သောဗုဒ္ဒဟူးထောင့်မှ မိန့်တော်မူကာ ယခင်ကလက်လုပ်တောင်စေတီ၊ ရန်ကင်းစေတီ နန်းသွင်းစေတီတော်ဟု အမည်ပေးခဲ့သည်။
ဒေသခံ ဒကာ၊ ဒကာမတို့ကိုလည်း တစ်နေ့ကျလျှင် မမြင်ဖူးတာမြင်ရမည်။ မကြားဖူးတာကြားရမည်။မစားဖူးတာစားရမည်။မစီးဖူးတာစီးရမည်။ ကားတွေကတဝီဝီမည်တော့မည်ဟု မိန့်တော်မူ၏ (နေပြည်တော်မတည်မီ(၁၃)နှစ်ကျော်ခန့်ကမိန့်တော်မူသောစကားဖြစ်၏)
ဆရာတော်သည် လက်လုပ်တောင်တွင် သုံးဝါတိုင်တိုင်သီတင်းသုံးတော်မူ၍ ဓူတင်ဆောက်တည် တရားအားထုတ်တော်မူခဲ့သည်။ ထိုသို့တရားများကျင့်ကြံအားထုတ်မှုကြောင့် တနေ့တွင် ပျဉ်းမနားမြို့ ရွှေညောင်ပင်ကားဂိတ်အနီးမှ ထမင်းဆိုင်ပိုင်ရှင် ဘာသာခြားတဦးမှ သံဃာ(၁)ပါးဈာန်ဖြင့်ကြွသည်ကိုဖူးမြင့်ရကာ တဆင့်စကားတဆင့်ပြောကြားရာမှ ဒေသခံများစုံစမ်းမှုအရ လက်လုပ်တောင်ဆရာတော်ဈာန်ပျံသည်သတင်းကြောင့် လက်လုပ်တောင်တွင် ဆရာတော်အား ဖူးမြှော်လာကြသည့် ဒယကာ၊ဒယကာမများ အလွန်များပြားလားကာ လှူဒါန်းမှုများလည်းအလွန်များပြားသည်ဟုကြားသိရပါသည်။
ထို့နောက်ဆရာတော်သည်လူအများအပြားလာရောက်သောကြောင့် တရားကျင့်ရန်အနှောင့်ယှက်ဖြစ်ကာ ရှမ်းပြည်နယ်၊မိုင်းပျဉ်းမြို့နယ်၊သုဝဏသျှံတောင်ဘက်ဆီသို့ပြောင်းကြွသွားတော်မူသည်။ထို့နောက်မြန်မာပြည်အရပ်ရပ်တွင် တောရဆောက်တည်ကာ သီတင်းသုံးလျှက်ရှိသည်။ ယခုအခါ လက်လုပ်တောရသည် ရာဇဋ္ဌာနီလမ်းမကြီးမြောက်ဘက်တွင်ကပ်လျှက်တည်ရှိသည်။နန်းသွင်းစေတီတော်ကြီးသည်အတောင်(၃၀)ခန့်ဉာဏ်တော်အမြင့်တည်ရှိ၏။
မိမိသည် လွန်ခဲ့သော (၄)နှစ်ခန့်က လက်လုပ်တောင်ကို ထူးဆန်းစွာအိမ်မက် မက်ခဲ့ဖူးခြင်း၊ မြန်မာနိုင်ငံတွင်ထင်ပေါ်ကျော်ကြား သော ဆရာတော်ဘုရားကြီး(၁)ပါးအားဖူးမြော်ကြည်ညိုစဉ် လက်လုပ်တောင်နှင့်ပတ်သက်ပြီး ထူးထူးခြားခြားပြောကြား ခဲ့သည်ကိုမှတ်သား နားယူခဲ့ခြင်းကြောင့် ယုံကြည်ကာ လက်လုပ်တောင်တွင် ကောင်းမှုကုသိုလ်များပိုမိုယုံကြည်စွာပြုလုပ်ရခြင်းဖြစ်ပါတယ်။ ဆရာတော်ဘုရားကြီးကိုယ်တိုင်ပင် အောင်အတိတ်အောင်နိမိတ်ယူရမည့်နေရာဖြစ်သောကြောင့် လက်လုပ်တောင်သို့ ကြွရောက်ကာ သိတင်းသုံးခဲ့ရသည်ဟုပြောကြားခဲ့ပါတယ်။
သာသနာတော်နှင့် မြန်မာတို့၏ အောင်ပန္နက်အောင်ချက်ယူရာ မင်္ဂလာမဏ္ဍိုင်အောင်ဘိသိတ်ပိုင်ဆိုင်ရာ နေရာဟု ပြောဆိုရလောက်အောင်ပင်နန်းသွင်းစေတီတော်မြတ်ကြီးကထင်ရှားစွာပြနေလေသည်။
ယခုဘုရားသမိုင်းအကျဉ်းချုပ်ကို မသိသောသူများ သိရှိအောင်၊သိပြီးသောသူများ သမိုင်းသိပြီး ပိုမိုယုံကြည်ကာ ကိုးကွယ်နိုင်စေဖို့ စေတနာဖြင့် ဖော်ပြပေးရခြင်းသာဖြစ်ပါတယ်။ ပြည့်စုံသော ဖော်ပြချက်မဟုတ်သော်လည်း အမှားများရှိရင်လည်း ဖြည့်စွက်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။